သွေးမတော်သားမစပ်ပေမဲ့ မိန်းမတစ်ယောက်ကို ဂရုစိုက်ခဲ့ဘူးတဲ့ သာဓကတစ်ခု ကျနော့အဖြစ်ပျက်ပါ။
ကိုယ်ရည်သွေးတာ မဟုတ်ပါဘူး ဒါမျိုးတထပ်တည်းမကျရင်တောင် အဓိက က မိန်းကလေးတစ်ဦး မည်သူ့အပေါ်ကိုမဆို ဖေးမသင့်တဲ့အကြောင်း အလေးထားမှုရှိသင့်တဲ့အကြောင်းပြောချင်တာပါ။
2010/11 ... ကျနော်မြန်မာပြည်နယ်စပ် မြို့လေးမယ်ပေါ့။
... ခဏတဖြုက်နေမယ်ဆိုပြီး ကြုံရာကျပန်းလေးလုပ်ရင်းနေနေ လိုက်တာ
တစ်နှစ်ခွဲလောက်ကြာသွားတယ် ။
... တော်တန်ရုံ အရင်းအနှီးနဲ့ကလည်း ဆိုင်ဖွင့်ဖို့ အဆင်မပြေတာကြောင့် သုံးဘီး (ဆမ်မလော့ ထိုင်းအခေါ်)
နင်းနေခဲ့တယ် ။
ဒီအလုပ်ကဘာလို့ရွေးခဲ့တာလည်းဆိုတော့ နယ်စပ့်မြို့လည်းဖြစ် တဖက်နိုင်ငံကို တက်ကြသူတွေ ပြန်လာကြသူတွေ နေရာစုံ ဒေသစုံက လူတွေနဲ့ အမြဲ ထိတွေ့ ဆက်ဆံရတာပေါ့ဗျာ ။ ကိုယ်ကလည်း တချိန်မှာ သွားလာအုံးမှာ ဆိုတော့ အနီးကပ် လုပ်ကိုင်ကြည့်ရင်း
စနည်းနာတယ်ဆိုပါတော့ ။
တော်တော်အဆင်ပြေပါတယ် ။ မြန်မာပြည်အလယ်ပိုင်း ဆိုက်ကားနင်းတဲ့လူ တနေ့ တကယ်လုပ်ရရင် လေးငါးထောင်ဆိုရင် အဲ့ဒီဖက်မယ်က နှစ်သောင်း ခွဲ ကျော်ကျော်အသာပေါ့ဗျာ။ ဒါမဲ့ သုံးဘီးချည့်လုပ်ရလို့တော့မဟုက်ဖူးဗျ။
အလုပ်က သူလိုကိုယ်လိုလူ နယ်ပေါင်းစုံက စရိုက်မျိုးစုံ ရှိကြတယ် ။ မူးရမ်း လူမိုက် ဘာပြောကောင်းမလည်း တထွေးကြီးပေါ့ဗျာ ။ တရွာလုံး ရှိတယ်မဟုက်ဖူး ။
တနိုင်ငံလုံးက လူမိုက်စုကျနေသလားအောက့်မေ့ရတယ် ။
ကိုယ်စီ ဆွဲချခေါ်ကြ ခရီးသည်ပါလာရင်
အခြေနေလေးမေး ငွေသားလဲဖို့ နေရာအမှန်လေးတွေပို့ပေး
တတ်နိုင်သရွေပေါ့လေ ။ လူအများတချို့လည်း မသမာသူနဲ့တိုး ငိုယို ဒုက္ခတွေရောက် တချို့ကြပြန်တော့လည်း ဘယ်လိုယုံကြည်မှုပေးပေး မယုံကြည်ကြတော့တာလည်းရှိတယ် ။
နောက်တော့ လူရင်းနဲ့ဖောက်သည် ဖြစ်ကြတာပေါ့ဗျာ ။
ဥပမာ ဘန်ကောက်က ပြန်လာပြီ ကြိုစောင့်နေပါ မြန်မါပြည်ကတက်လာပြီ ဘယ်ကိုလာပေးပါတို့ပေါ့ ။
တချို့ကလည်း မင်းမလာသေးဘူးလား တက်ခဲ့တော့လေကွာ
ဟိုရောက်ရင် ငါကူညီပါမယ် လာမယ့်သာလာခဲ့ ဒါမျိုးတွေ။
အဲ့လိုနဲ့ ရက်တွေကကြာ လောလောဆယ် စုဆောင်းမိတာက
နည်းတယ်ထင် အချိန်တွေပိုကုန်နေသလားအတွေးကအမြဲတမ်း
ဟိုဖက်နိုင်ငံထဲ ဝင်ချင်တာကလည်း ရည်ရွယ်ချက်မလား။
အပြောင်းအလဲက
ရက်အတိအကျမသိပေမဲ့ နယ်စပ်မြို့က
သောင်ရင်းမြစ်ရေလျှံ
ရေကျလာပါလေရော
အဆောင်တွေရေနှစ် ဒုက္ခတွေရောက် တနေ့လုပ်တနေ့စားအဆင်မပြေပြန်တော့ဘူး ။ ရေကျချိန်စောင့်ရင်း ပြန်အသားကျပြန်တော့ ဟိုဖက်ကူးချင်တဲ့ ဆန္ဒက တားမရတော့ဘူး ။
အဆက်သွယ်တွေ သူငယ်ချင်းတွေ တက်သွားကြတယ် ။
တချို့လည်းအဆက်အသွယ်ပြတ်
ကိုယ်လည်းထွက်တော့မယ် ဆိုတော့ ဗီဇာ ပက်စပို့စုံစမ်း
မလုပ်နိုင်ဘူး များလို့ လူလိမ်တွေကြောင့် အကြောင်းပြချက်နဲ့
ကြာနေပြန်ရော တစ်လလောက်
နောက် အဲ့အတောအတွင်း အလုပ်အတူ လုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းနဲ့ ပြောဖြစ်ကြတော့
သူလည်းတက်မယ် အတူသွားရအောင်လေတဲ့
ဟန်ကျတာပေါ့... စုံစမ်းရအောင်ကွာ အဲ့ ဒီရောက်ရင်
ဘာအလုပ်ရနိုင်မလည်း...
ဘယ်လောက်ပေးရမလည်း...
ကြာပါတယ်ကွာ အောက်လမ်းကလစ်တာပေါ့ ။
လမ်းတော့လျှောက်ကြရမှာ ပွဲစားအပ်တာပေါ့ ဆိုပြီး
ကိုယ်တိုင် ရောင်းစားလိုက်တယ် ဆိုပါစို့ ။
စုရပ်ပေါ့ လူစုတဲ့ နေရာ တနည်းအားဖြင့်
မမြင်ရသေးတဲ့ အနာဂတ် အပြောင်းအလဲကို မထူးဇာတ်ခင်း
နှင်းအပ်ထားကြသူတွေရဲ့ ဇရပ်....
ကျားသောမသော အုပ်လိုက်ပေါ့လေ ။
ယာယီလူစုနေချိန်ဆိုတော့ လောလောဆယ် ဦးဆောင်သူက ထမင်းချက်ကြွေးထားကြသေးတယ် ။
နေပါ စားပါ တရက် နှစ်ရက် လွတ်လွတ်လပ်လပ်ပေးနေပါသေးတယ် ။
ငွေပါသူတွေက မိမိအလိုရှိရာ သွားဝယ်ဖို့ မြို့ပေါ်ခဏသွားပြန်လာ လုပ်လို့ရသေးတယ် ။
တချို့ကလည်း ပွဲစားကို အလုပ်မေးကြည့်တယ် ။
မတိကျတဲ့ အဖြေကြောင့် အားမလိုအားမရနဲ့ မြို့ပေါ်ဈေးဝယ်ပြောပြီး ပြန်မလာကြတော့ဘူး ။
အဝတ်စားအိတ်တွေတော့ အဆုံးခံ ထားခဲ့လိုက်ကြတော့တယ်။ တချို့ကလည်း မိမိနဲ့ အတူပါလာသူတွေ ညီအစ်ကို တဝမ်းကွဲတွေ ယောက်ဖတွေနဲ့
အစုလိုက်ကလေးတွေပေါ့ ။
သုံးရက်လောက်မတော့ ဘယ်ကိုမှ သွားခွင့်မပေးတော့ဘူး။
တဲကအပြင်ထွက်ခွင့်မရတော့ဘူး ။
တဲအတွင်း ထိုင်သူထိုင် မှေးသူမှေး လူအယောက် ခြောက်ဆယ်လောက်ရှိတယ် ။
ညဆိုတစ်ယောက်မှ အပြင်မထွက်ရဲကြဘူး ။
အဲ့ဒီနေရာကလည်း တကယ့် ဇိုး သက်သက်နေကြတဲ့နေရာ
သူခိုး ဓားပြ ဆေးသမား ငမူး ငကြောင် သိပ်ပေါတာကိုး
... တော်တန် မိုက်ရုံနဲ့ မလာနဲ့ ဆိုတဲ့နေရာ ဇိကနဲ ခုပ်ပြီး
ဝုန်းကနဲ ပစ်ချပစ်တာချောင်းထဲ...အရင်ကဖြစ်ဖူးတယ်ဆိုပြီး
ပွဲစားကလည်းခြောက်ထားတာကိုး ။
ကိုယ့်မယ်လည်း ငိုစားရယ်စား တွေ လူအမျိုးမျိုးနဲ့ ငြီးငွေ့တာရယ် ရှေ့ပဲ ဘာဖြစ်ဖြစ်ဆက်သွားချင်တာရယ်ကြောင့်
ဘာဖြစ်ဖြစ် လာခဲ့အတွေးပဲ ရှိနေတာကိုး ပြန်ပြေးဖို့လည်းစိတ်မကူးမိဘူး ။ အပေါ်က သူငယ်ချင်းအချို့ကလည်း အားပေးထားလေတော့ သိပ်စိတ်မပျက်မိဘူး ဒါပေမဲ့ အတော် ရင်းထားရတဲ့အနေအထားပဲ ။
ထွက်မယ် ပြင်ထားကြ ညတနာရီတဲ့ ဆိုတော့
ကိုယ်စီ ထမင်းစားကြ တရေးတမောအိပ်ကျပေါ့လေ။ ဘယ်သူမှ အိပ်မပျော်ကြပါဘူး ။ အတွေးတွေကိုယ်စီနဲ့... ။
အားလုံး စထွက်ကြတယ် ဆိုတော့ တန်းစီ လူစစ်
မိန်းကလေး ရှေ့ကထားထွက်
တယောက်စီ အတန်းလိုက်ကြီး မိမိ ရဲ့ အထုပ်အပိုးကိုယ်စီနဲ့
ကယ်ရီ ပွဲစား ခေါင်းရယ် လမ်းပြရယ် ပေါင်း ငါးယောက် ။
အားလုံး ခြောက်ဆယ်ငါး ။
စထွက်မယ်ညနေက ဖုန်းတွေအားလုံးသိမ်း အပေါ်ရောက်ရင်ပြန်ပေးမယ် အခုမကိုင်ရ မသုံးရတော့ဘူးဆိုတော့ ဖုန်းတွေ ပေးလိုက်ကြတယ် ။
ကျနော်ကတော့ ဆင်းတကက် copy လုပ်ပြီး ပိုးလွယ်အိပ်ထဲ
ထည့်ထားလိုက်တယ် ။
ဖုန်းသိမ်းရင် ကက်ပါမပါ စစ်သေးတာကိုး ။
အားလုံးဆိုတော့ ဖုန်းအမျိုးအစား အတော်များပါလာတာကို သတိထားမိလိုက်သေးတယ် ။
နောက်တော့ အဲ့ဖုန်းတွေ second နဲ့ အဟောင်းတန်းပေါ့လေ။
မိုးရာသီဆိုတော့ စထွက်ကတည်းက ဖိနပ်တွေကိုင်ထားကြရပြီး စီးရော စီးရပါအုံးမလားနဲ့ ။
မဲ့ ဆော့ကိုကျော် ဂိတ်တွေကို နှစ်မိုင်လောက်ခွာပြီး
ကန်သင်းရိုး ကန်ဘောင် လျှိုချောက် ဆူးတော့တခွင်
နင်းရင်ဖြတ်ရင်း တစိစိအသံ ကလွဲရင် မီးမပါတဲ လူတန်းကြီး
တအိအိနဲ့ပေါ့ ။
အဖွဲ့ရဲ့ အယောက် ခြောက်ဆယ်ငါးယောက်မှာ မိန်းခလေးက နှစ်ယောက်တည်းပါတယ် ။
ကျန်တာ တွေက သန်မာပေ့ ယောကျာ်းရင့်မာတွေ
လမ်းပြတွေကတော့ အပတ်စဉ် ဆင်းတက်ဆိုတော့
ဆေး လေးချပီးတော့ပေါ့ အခေါ်ကမြင်းဆေး တဲ့။
တညဖြတ်လို့ မိုးမလင်းသေးဘူး မိန်းကလေးတွေ ခြေပန်းကျလာပြီ ။ နားလို့မရသေး ။
မဲ ဆော့ နယ်တောင်မထွက်သေး ကြံခင်းတွေ မဆုံးနိုင်တဲ့
အမှောင်ကြီးတွေထဲ သတိနဲ့ တက်လိုက်ဆင်းလိုက် ။
လင်းလာလို့ အာရုံထွက်စကြတော့ မြေအပြန့်က သွားလို့မရ
တောင်ပေါ် ထိုးတက်ခိုင်းကြရော ။
ကားသံကြားရင် ရပ်ခဏ အခြေနေကြည့် ပြီးရင်ဆက်သွား
မိုးက တဖွဲဖွဲ မရပ် လူတွေကရွဲ ချမ်းကချမ်း
အထုပ်တွေက မိုးစို ရေဝင် တစစနဲ့ လေးကျလာတယ် ။
မိန်းကလေးတွေ မဟန်တော့ဘူး
တစ်ယောက်က ယောကျာ်းလေးအဖော်နဲ့ တယောက်က
သူနဲ့ခင်တဲ့ကောင်မလေး အမြဲတမ်းတော့မဟုက်ပေမဲ့
တယောက်တလှဲ့ ဆွဲတင်ခေါ်ကြပါသေးရဲ့ ။
ချောင်းတွေမြောင်းတွေ ပထမတော့ အနည်းအကျဉ်း နောက်တော့ ရေစီးအလွန်သန်တဲ့နေရာတွေ တွေ့လာရတယ်။
နေ့ဖက်တွေ တယောက်လက်တယောက်ချိတ် လို့ အဆင်ပြေခဲ့ပေမဲ့.....
တောအထပ်တောင်အထပ်ပ်လူအရိုးတွေမြင်ရတယ်
နှစ်ရက်မြောက်ည
လမ်းမယ် အစာစားချိန် နာရီဝက်သာပေးနားခဲ့တယ် ။
ဆက်လျှောက် ပါ ။ရှေ့က ချောင်းတခုက
အန္တရာယ်ရှိတယ် မမှောင်ခင်ဖြတ်ရမယ်လို့ဆိုတယ် ။
အားလုံး အသော့နှင်ပေမဲ့ မိန်းခလေးနှစ်ယောက်က ပျော့ကျနေကုန်ပြီ ။ ခရီးမတွင်တော့ မှောင်ပါလေရော့
ရှေ့ဆုံးကမိန်းခလေးနှစ်ယောက်က နောက်ဆုံး လမ်းပြနဲ့ ကျနော့နားရောက်လာကြတယ် ။
ချောက်ကမ်းပါးအစွန်းတွေများကပ်လျှောက်တော့
ဘယ်သကောင့်သားမသိ အမှောင်ဆိုတော့ သိပ်မမြင်ရ
လမ်းပြမေးတော့လည်းအဖြေမရ
မိန်းကလေးတယောက်ကို တွန်းတိုက် ကေော်တက်လိုက်တာ
ကမ်းပါးက လျှော်ကျသွားလို့ ဝိုင်းပြီး လိုက်ဆွဲလိုက်ရသေးတယ်တခါ ။
ကြားရပြီ ရေသံ ။
အချိန်က ရှစ်နာရီခွဲလောက် ။
နာရီဝက်လောက် ဆက်လျှောက်လိုက်မှ ချောင်းကိုမြင်ရတယ် ည အလင်းရဲ့ အောက်မှာ တသွင်သွင်နဲ့ ကျနော်တို့ရှိနေတဲ့
တောင်စောင်းရဲ့ အောက်မှာ.......
တရွေ့ရွေ့ ဆင်းပြီး လမ်းပြက ခဏရပ်စောင့် ပါ
သူ လမ်းတချက်ကြည့်အုံးမယ် ။ မိန်းခလေးတွေ ရှေ့လာဖို့ပြောပြီး တန်းစီ ခိုင်းထားတယ် ။
အဲဒီမယ် အဖြစ်က ကောင်လေးနှစ်ယောက် ဆရာတပည့်ဆိုလား
မိန်းခလေးနှစ်ယောက်အနောက်မယ် ။ကပ်ရပ်နေတာ
လမ်းပြက ဟိုဖက်ကနေပြီး အော်တာက
အစောကသူပြောတဲ့ လမ်းအတိုင်းဆင်းလာဖို့ပြောတာ
ဒါကို ဆရာတပည့် ကြားတာက
ဆင်း ဆင်းတဲ့ ဆိုပြီး တွန်းချလိုက်တာ.....
သူ့ဆွဲ ကိုယ်ဆွဲနဲ့...တရိပ်ရိပ် ရေလုံးတွေနောက် တတန်းကြီးပါသွားကြတော့တယ် ။
ကျနော်ရေကူးတတ်ပေမဲ့ ဒီလောက်ရေစီးသန်နေတဲ့ချောင်း
လန့်ဖျတ်သွားတယ် တစ်ယောက်မှအဆွဲ မခံပဲ ရေစီးနောက်မျောလိုက် ကူးတယ်ကမ်းကို
ဝါးရုံ ကိုင်းကိုင်မိတော့ ကိုက်တရာလောက် ကွာသွားပြီ ။
မိန်းကလေးရဲ့ နာမည်ကို ခေါ်သံကြားတယ်
ထူးသံမကြားရဘူး ကျန်တဲ့လူ ကမ်းမယ်တွဲ ရက်အတန်းလိုက်ကြီး... မိန်းကလေးတဲ့ အော်နေပြတော့
ကျနော်ရေပြင်ဖက်လိုက်ကြည့်မိတယ် ။
တွေ့ပြီ ဆံပင်တွေ ပွတက်လာလိုက် ပျောက်သွားလိုက်မျောနေတာ ဆယ်ငါးပေလောက်ဝေးတယ်
ရေအလယ်မယ် ဆိုတော့ ကမ်းနဲ့က ရှစ်ပေလောက်
ကျနော်ကျောပိုးအိပ်ကို နူံးအပစ်တွေထဲ ဘပ်ကနဲ့ ပစ်ချပြီး
လိုက်သွားတယ် ။
မျောကူးဆိုတော့ သူ့ဆီတန်းရောက်ရော ခေါင်းကကိုင်ပြီး
ဆွဲထားလိုက်တယ် ။
ရပ်မရဘူး မျောလိုက်ရင်း အသက်ရှူနိုင်လောက်အောင်
မ လိုက် ကူးလိုက်နဲ့
အတင်းလုံးဖို့တိုးလာနေတဲ့ သူ့ကို ရေစီးနဲ့ တွန်းလိုက်
ကူးလိုက်နဲ့ တဖက် အစောကကျနော်တို့ ရှိနေတဲ့ ကမ်းမဟုက်တဲ့ဖက်ကို ရောက်သွားတယ် ။
သူကျနော့ကိုဖတ်မိတော့ ကမ်းကပ်မိပြီ ။
ရေအရှင်မို့သာဗျာ ရေအသေဆိုရင်တော့ နှစ်ယောက်သားဖက်ပြီး ကြွလောက်ပြီ ။
လူအုပ်နဲ့ အတော်ပြတ်သွားပေမဲ့ ကမ်းပါးက ထိုးလိုက်လာတဲ့ လမ်းပြက မြင်တော့ လူတွေ ပြန်ခေါ် အတန်းလိုက်ပြန်ဆွဲခေါ်ကြရတာပေါ့ ။
အဲ့ဒီမယ် စတာက ကျနော်က ကောင်မလေးရဲ့ ဟီးရိုး ဖြစ်ပြီး
လမ်းပြက စာနာတတ်သူအဖြစ်မြင်သွားတာ ။
ကျနော်တို့အဖွဲ့ရဲ့ စားစရာတော်တော်များများကတော့
ရေကစားသွားပြီ ။
စကားနားမထောင်ပဲ ဆင်းဖို့ တွန်းချတဲ့ အမောင်နှစ်ကောင်ကတော့ ဖူးကားသွားလေရဲ့ လမ်းပြ ငါးယောက် ဝိုင်းကြိတ်ပေးလိုက်တာ ။
ကျနော့အိပ်ကတော့ မိုးစိုရွဲ နူံးနှစ်တွေပေနေရုံသာ ။
အိပ်ရေဆေးပြီး ကောက်လွယ်လာပေမဲ့ စိုရွဲနေတဲ့ အင်္ကျီအချို့ကို နှမျောစွာပဲ လွှင့်ခဲ့လိုက်ရတယ် ။
မားမားအထုပ်လေးတွေတော့ ကျန်ပါသေး။
မောပန်းလို့ခဏနား ကြတယ် ။ တနာရီခန့် စားကြသောက်ကြ
....ချက်စရာမရှိသလို ချက်လို့မရပါဘူး ။တောတောင်ကအရမ်းနက်နေပြီ ။ မားမားလေးတွေဖောက်စားကြတယ် ။ ရေနှစ်ထားတဲ့ မိန်းကလေးကလည်း ကျနော်နားက မခွာတော့ဘူး ။
တုန်တုန်ရင်ရင်နဲ့ သူ့ကို ကျနော် မားမားခြောက်တဝက်ချိုးပေးလိုက်တယ် ။ အရည်နဲ့ဆိုရင်တော့ ဒီမယ်ခွက် ချောင်းရေနဲ့ ဖျောသောက်ဟာ
လို့ ပြောတော့....
လမ်းပြကထွက်မယ်တဲ့ အချိန်မရ...
မားမားကို လမ်းတလျှောက်က်ုက်လာခဲ့တော့တယ် ။
မဝပေမဲ့ ဆက်ကြွေးဖို့ကလည်းမသင့် ။ လမ်းကဘယ်နှစ်ရက်ကြာအုံးမည်မသိ ။ လမ်းပြကလည်းမပြော ။
နောက်နေ့တစ်နေ့လုံး ဘာမှမထူးခြားပေမဲ့ မိန်းကလေးတွေက အတော်သိသာနေတယ် ။ ခရီးက မတွင် နောက်ကောင်လေးတဦး လမ်းကိုကောင်းစွာမလျှောက်နိုင်တော့
အကိုတွေ ယောက်ဖတွေ တွဲပီး ဆွဲခေါ်နေရတယ် ။
ယောက်ျား မိန်းမ ခြေထောက်ကြီးတွေ ဟာ ၇လက်မ ပတ် လည်လောက် အကြီးကြီးတွေ ဖြစ်နေတယ် ။
ကျနော့ခြေထောက် ခြေဖမိုး၌ ဘာကောင်ကိုက်မှန်းမသိ
ရောင်ကိုင်းနေပြီး ခြေဖဝါးက ပုလင်းကွဲ ထိထားသေးသည်။
ဖူးကားနေတဲ့ ခြေထောက်ကိုမ ပြီး ရှေ့ဆက်လျှောက်နေလျှင်တော်သေးပြီး ။ နားလို့ပြီး ပြန်ထတဲ့အခါ မခံရပ်နိုင်အောင်နာကျင်လို့နေတယ် ။
မိုးကလည်းတရက်မှမပြတ် ဆက်တိုက်ရွာ။
သဲတခါ စဲတလှည့်နဲ့ သုံးရက်မြောက်ည...
အနားယူဖို့လိုကြောင်းပြောတဲ့ လမ်းပြကို ကျေးဇူးတင်နေမိပြန်သည်။ နားရမယ်ခုည စကားကြားရပြီး
လေးနာရီလောက်ဆက်လျှောက်လိုက်ရသေးတယ် ။
တောင်ပေါ်အတော်တက်ပြီးမှ နားရန်အတွက် သစ်ကိုင်းအချို့
ဖုံးအုပ် လတ်တလောမိုး ကျသက်သာစေဖို့ လုပ်လိုက်ကြတယ်။ အသံမြည်မစိုးကြောင့် အရမ်းမလုပ်ရဲကြ။
အလွန်ငေါက်တဲ့ လူများလည်းဖြစ်သည် ။
မအိပ်ရတဲ့ နှစ်ရက်နဲ့ နေ့တဝက်အတွက်
နားပြီလည်းဆိုရော တအုပ်ကြီး ခေါက်ခနဲ အိပ်ပျော်ကုန်ကြတယ်။....
ဟေ့ ဟေ့ နဲ့ အသံ လမ်းပြကလှူပ်အနိုး ။ ဖန်း ဖန်း ဖန်း နဲ့
အသံတွေ ဘာသံတွေလည်းမဆုံးသေး
သေနတ်သံတွေ ဟ..... ဟင် ခနဲ ဗျာ လန့်ကုန်တယ်
ထပြေးမယ်လည်းကြံတုန်းရှိသေး ။ ဝိုင်းထားကြပြီ တောရှမ်း
မြန်မာပြည် ရှမ်းမဟုက်ပါဘူး ။ ထိုင်းလူမျိုး တောရပ်ရွာကလူတွေ ကို တောရှမ်းလို့ခေါ်တာပါ ။
ထိုင်းစကား မကျွမ်းပေမဲ့ သူတို့ပြောတာ တစွန်းတစ နားလည်မိတာက
အကုန်ဖမ်းပြီတဲ့ ခေါင်းဆောင် ဘယ်သူလည်းတဲ့ ။
လမ်းပြ က တုန်တုန်ရင်ရင် သူပါပဲတဲ့.. အကိုရီး ဘာညာနဲ့ ပြောနေတယ် တချို့တော့ သိပ်မသိပေ ။
နောက်တော့ လမ်းပြတစ်ယောက် အိပ်ကလေးပြင် ဓားတချောင်း သူ့အဖော်ဆီကနေတောင်းပြီး ရေတဘူးကိုင်
နောက်ကြောင်းထွက်သွားတယ် ။
ကျနော်တို့ကိုတော့ အုပ်လိုက်ကြီး စုထိုင်ခိုင်းပေါ့လေ ။
လေးဖက်ကျကျ တယောက်စီ သေနတ်ကိုယ်စီနဲ့ ထိုင်စောင့်နေကြတယ် ။ ဘာလုပ်ကြအုံးမလည်း တထိတ်ထိတ်ပေါ့ ။
ငြိမ်ငြိမ်ထိုင်နေကြပါ ဘာမှ မလုပ်နဲ့ မသွားနဲ့ ပစ်မှာ သေနတ်နဲ့တဲ့ ။ တယောက်မှ မလုပ်ရဲ ဘူး ။
မနက် ခုနှစ်နာရီလောက်ထင်ပါရဲ့ နေကမသဲကွဲသေးဘူး ။
တောင်အစောင်းအဆင်းလေးမယ် မိကုန်တာကိုး ။
နေနည်းနည်းမြင့်လာတော့ မားမားလေးတွေထုပ်ပြီး စားကြတယ် ကိုယ့်သာကိုယ်ထုက်တာတော့မဟုက်ဖူး
ရှမ်းတွေက အိပ်ထဲကနေ နိုက်ထုက်ပေးတာ ။
အိပ်တွေက စုပုံထားပြီး လူနဲ့ တခြားစီထားတာကိုး ။
လူအုပ်ကများပေမဲ့ အင်အားမချိတဲ့လူတွေ
ယောင်ကိုင်း ဖောင်းကားနေတဲ့ ခြေထောက်တွေနဲ့ လူတွေကို
သိပ်ဂရုမစိုက်ပါဘူး ။
...... ယောက်ျားရှိလားတဲ့ ခမ်းလှမ်းလှမ်းက မိန်းခလေးကို လှမ်းမေးတယ် ။ တလုံးတပါဒမျှ နားမလည်ကြတော့ အန်းနေကြတယ် ။ ကျနော် ကောင်မလေးကို အနားကပ်ဖို့ အသာလှမ်းတို့ လိုက်တယ် ။
ငါ့ကိုခဏကိုင်ထား ဟိုကမေးနေတာ လင်ရှိမရှိ ဆိုတော့
လက်မောင်းကို ကုပ်ကိုင်ထားတယ် ။
လမ်းပြကဝင်ပြောပေးတယ် ရှိတယ် သူ့တို့ သူတို့ ပဲတဲ့ ဆိုပြီး ။
မောင်မင်းသား ဆက်မပြောတော့ပဲ ဆေးလိပ်ထိုင်ဖွာနေတော့တယ် ။
( နောက်မှပြန်သိရတာက လင်ရှိရင်လင်သတ်ပြီး မယားလှရင် ခေါ်ထားတတ်ကြောင်း သိရတယ်)
ကံကောင်းလို့ ဆိုတာကို ထက် မိန်းကလေးတွေ ရုပ်မလှတာက တော်သွားတယ်ဆိုရမယ် အဟက် ။
ညနေ..
. ငါးနာရီလောက်မယ် မနက်ကထွက်သွားတဲ့ လမ်းပြပြန်လာတယ် ။ ထိုင်းတွေကို ငွေပေးနေတာ တွေ့ရတယ် ။ ရပြီ သွားလို့တဲ့ ဆိုပြီး သူတို့လည်းထွက်သွားကြတယ် ။
( လမ်းပြက နောက်ကြောင်းပြန် ပိုက်ဆံယူတာပါ ။ သူအထွက်မယ် နောက်ကို ငွေလာပို့ဖို့ ဖုန်းအရင်ဆက်ထားပြီး
မြန်မာပြည် နယ်စပ်ကလူက ကားစီးလိုက်လာတာပါ
စုံရပ်မှာ တွေ့ပြီး ငွေ ယူ လာပြီးပြန်လာတာပါ ။ သုံးရက်ခရီးကို ဘယ်လိုလာသလည်း ငွေနဲ့ လူက စကားစပ်မိလို့မေးကြည့်ရင်း သိတာပါ ။ ဘတ် သုံးသောင်း မြန်မာငွေ ဆယ်သိန်းခန့်နဲ့ ရွေး
လိုက်ရတာပါ ။)
ကျနော်တို့ဆက်လျှောက်ကြပြန်တယ် လေးရက်မြောက်ည..
တနေ့လည် နားထားလို့ အားပြည့်နေပေမဲ့..
ယောင်ကိုင်း နေတဲ့ ခြေထောက်တွေက သစ္စာမဲ့ချင်နေသေးတယ် ။ ဘယ်လိုမှသွားမရ
လျှောက် ဆဲ လိုက် ဆိုလိုက် ပြန်ရွေးထားရသမျှ မဲတွန်းတော့တယ် ။ ကန် အချိုးမပြေရင် ထု....
ကျနော်တောင် နားရင်း အုပ်ခံလိုက်ရသေးသည် ။
ငါးရက်နေ့ည အသားတင် ဖိအားမယ် မိန်းကလေးတစ်ယောက် နှာနှပ်ယူလိုက်ရတယ် ။ မူးမေ့သွားလို့ တစ်ယောက်က ခဏ အနားတောင်းတယ် ။
လင်းအားကြီးအချိန်မို့.... ပေးနားဆဲ.. မှာ
ကောင်းလေးတစိယောက်က မရတော့
နောက်မှ လယ်ဝေးကဟု သိရသည် ။
မလို့လည်းမရ လမ်းလည်းမလျှောက်တော့ စကားကလည်း
ဟင် ဟင် သာရတော့သည် ။
သွားပြီ ။ သတ်ခဲ့မယ်တဲ့ လမ်းပြတစ်ယောက်က
အကိုတွေ ပါသည် ။ ဝမ်းကွဲ အကိုတွေ ယောက်ဖတွေ
ဘာမှမပြောရဲ... ဆေး ချပြီး အသားကျ ကြမ်းတမ်းနေသူတွေ
လျှောက်မနိုင်တော့တဲ့ လူမမာအတွက် စိတ်မရှည်တော့ပြီ ။
ထားခဲ့လိုက် ငါလုပ်လိုက်မယ် သွားကြ တဲ့ တစ်ယောက်မှ နောက်လှည့်မကြည့်ရ လှည့်ကြည့်ရင် ရိုက်မည် ။
လူပေါင်းက ငါးဆယ့်ကိုးယောက် လမ်းပြ ငါးယောက်ကို မလွန်ဆန်နိုင် ။ ကိုယ်တိုင်ကို မသယ်ချင် လုပ်သမျှခံ၍ ဖြစ်သမျှ မတတ်နိုင်တော့ ။
စိတ်မကောင်းစွာ ကြည့်နေကြတဲ့ အကိုတွေ မျက်ရည်ကျ ချာကနဲ လှည့် ရှေ့ဆက်သွားရုံမှတပါး ။
အံကိုကြိတ် လို့ ခြေထောက်ကို ရွှေ့ နောက်မလှည့်ပေမဲ့
ကောင်လေးရဲ့  ကံကြမ္မာ မတွေးနိုင်တော့ ။
မိန်းကလေးနှစ်ယောက်ရဲ့ ဝီရိယကို မမှီတဲ့ သူ့ကိုပဲ ဒေါသဖြစ်ရမလား.. ကိုယ့်ရဲ့ သားချင်းညီအကိုတွေ ရဲ့ မစာနာမငဲ့ကွက်တာကိုပဲ ဒေါသထွက်ရမလားရယ်နဲ့ ။
ရှေ့မယ်မမြင်နိုင်တဲ့ အနာဂတ်တခုကို လတ်တလောမယ် ရင်နင့်စရာတွေ မြင်နေရတော့ လူ့စိတ်တွေ လူ့စိတ်တွေ
အရမ်းကြောက်ဖို့ကောင်းလိုက်ကြတာ ။
ထားခဲ့ကြပြီ စိတ်မကောင်းဖြစ်စွာနဲ့ပဲလေ ။
မသတ်ပါနဲ့ အကိုရာ ထားခဲ့လိုက်ပါ ။
ခရီးက အတော်ပေါက်နေပြီ ငါးရက်တောင် ရှေ့မရောက်နောက်မရောက် ရသမျှ ပြောကြည့်ကြသေးသည် ။ မတတ်နိုင်တော့ သူ့ကိုရောင်းလို့ သူရွေးခဲ့ပြီး
သူ့ပို့မှရောက်မည့်သူများဖြစ်သည်။ သူလက်ထဲကရေ သွန်လိုကသွန်မှောက်လိုက မှောက်ပေ့စေတော့ ။
နောက် ဒီလို အဖြစ်ဆိုးတွေ မကြုံပါစေနဲ့ ညီရေ..... ။
ပြောပြချင်ခဲ့တယ် ။နေ့တိုင်းနေ့တိုင်း အားလုံးကိုပေါ့ ။
အေး လျှောက်ကြ ရောက်ခါနီးပြီတဲ့ ။
ခြောက်ရက်နေ့မနက် ပေါ့ ပြောလိုက်တဲ့ လမ်းပြစကား
အားလုံး နည်းနည်းလန်းသလိုလိုနဲ့ ပိုသွက်လာကြတယ် ။
ဘယ်လောက်တောင်သွက်လည်းဆိုတော့ မိန်းကလေးနှစ်ယောက်ဟာ နာရီနဲ့ချီပြီး ပြန်စောင့်ခေါ်နေကြရတဲ့အထိပေါ့ ။
မိန်းကလေးတွေ အရှေ့ကထား ဆိုလည်းခဏပဲ ။
မကြာဘူးအနောက်က ပြန်ရောက်သွားကြတယ် ကျနော်ကလည်းမဟန် အကောင်ကိုက်ထားတာရယ် ပုလင်းခွဲ ခံထားရတာရယ်ကြောင့် ခရီးကသိပ်မတွင် ။
ဒါမဲ့ မိန်းခလေးတွေနဲ့ ရှေ့အဖွဲ့ မလှမ်းမကမ်းသဘောမျိုးဖြစ်နေတယ် ။ ရှေ့အဖွဲ့မှီလိုက် နောက်ပြန်စောင့်လိုက် နဲ့ပေါ့ ။
ကြာလာတော့ အခြားရှေ့မှ အဖွဲ့ ကလမ်းပြက ဂျပု က
စိတ်သိပ်မရှည် ။
မိန်းကလေးနှစ်ယောက်အနီးမှ လမ်းပြ ကိုရှည်ကြီးအား ပြောသည် ။
မစောင့်တော့ဘူး ကြိုးတံတားအရောက်လိုက်ပါ ။ အဲ့ဒီကစောင့်မယ် ဟုဆိုသည် ။
သွားကြပြီ မိန်းကလေးတစ်ယောက်က သူ့အဖော်ကောင်လေးနဲ့ ထိန်း၍ တွဲပီး ရအောင်လိုက်မည် ။
မနေခဲ့ချင် လိုက်မည် ။
ပြဿနာက ကျနော် ရေထဲကဆွဲထားတဲ့ကောင်မလေးက
လမ်းမလျှောက်တော့ ။ အနားယူဖို့လိုနေပြန်သည် ။
လူကဟောဟဲ ဆိုက်နေသည် ။ သတ်ခဲ့ဖို့ ထားခဲ့ဖို့ သူကပင်ပြောနေသေး ။
ထားခဲ့လိုက်ကွာတဲ့ ။ လမ်းပြနစ်ယောက်အနက်တယောက်ကပြောတယ်။
ကိုရှည်ကြီး ဆိုတဲ့ လမ်းပြက အရှေ့မယ်အဖွဲ့က လူနည်းတယ် မင်းလိုက်သွားတဲ့...
ကျနော့ကိုရော လမ်းပြကိုပါပြောတယ် ။
ကျနော်စိတ်မချ ပထမတယောက်တုန်းက ဘယ်လိုဖြစ်ခဲ့ပြီလည်း ကျနော်မသိ ။
အခုတခါ က မိန်းကလေး တစ်ယောက် ယောက်ျားရင့်မာကြီးတွေ ဖြစ်ပြီး မလုပ်သင့်ဘူးလို့ ထင်မိတယ် ။ များပြီ ။
ထိုးချင်ရိုက်ချင်လည်း လုပ်ပစေတော့ ကျနော်ပြောမည် ။
ကျနော်နေခဲ့မယ် ကိုရှည်ကြီး သူ့ကိုကျနော်စောင့်ခေါ်ခဲ့မယ် ။
မရဘူး သွားနှင့်တဲ့ ။ ရပါတယ် မထားခဲ့ပါနဲ့ဗျာ
သူအနားယူဖို့လိုနေတာပါ ။ ခဏနားလိုက်ရရင်သူ အဆင်ပြေမှာပါ ။ ကျနော်စောင့်ပေးလိုက်မယ် ။
သူခဏတော့စဉ်းစားသေးတယ် ပြီးမှ အေး ငဇော်မင်းလိုက်သွားလိုက် ငါတို့လိုက်လာခဲ့မယ် ။
ငဇော်ဆိုသူ ထွက်သွားပြီ ။
ခဏ ထိုင်ကျတယ် ကောင်မလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ် ။
ဆယ်ငါးမိနစ်လောက်ကျတော့ နှိုးတော့ သွားမယ် တဲ့ ။
လှုပ်နှိုးတယ်မထ ပါးကို ခပ်စပ်စပ်ရိုက်နှိုးတယ် ။
ရေ ပေး ပါ တဲ့ ။ ရေကမရှိ ဘူးနဲ့လည်း မထည့်လာ ။
ချောင်းတွေ့မှ ကြုံသလိုသောက်ကြရတာကိုး ။
ဘယ်လိုလုပ်ရပ ကျနော်အကြံရလိုက်တယ် ။
အင်္ကျီကိုချွတ် လမ်းပေါ်က ရွံဗွက်အတွင်း အသာချပြီး
သူ့ပါးစပ်ထဲကို ရေပေါက်အသာ ညှစ်ချပေးလိုက်တယ် ။
အငမ်းမရသောက်တယ် ။ နှစ်ခါလောက်လုပ်ပေးလိုက်တော့
မျတ်လုံးပွင့်လာတယ် ။ ရေဘူးပေးပါတဲ့ ။
မရှိဘူးလေရေဘူး ။ အခုလိုလုပ်တိုက်တာပါ ဆိုတော့
ရေဗွက်ကို မြင်ပြီး ခေါင်းငုံ့ ပြီးဆက်သောက်နေသေးတယ် ။
တော်တော့ လမ်းမလျှောက်နိုင်နေမယ်အဝမသောက်နဲ့တဲ့ လမ်းပြကပြောတယ် ။
ကျနော်တို့ဆက်လျှောက်ကြတယ် ။ မှောင်လာပြီ ။
ရှေ့မယ်စောင့်နေမဲ့ အဖွဲက ကြိုးတတားမယ်ရောက်လောက်ပြီ ။
ကောင်မလေးကမဟန်ပြန်တော့ ။
ယာခင်းအစပ်တွေ မြင်လာရတယ် အရင်ဖြတ်သန်းခဲ့တဲ့ ညတွေထက်စာရင် အားတွေရှိလာကြတယ် ။
ဆက်လျှောက် ကောင်မလေး နင့်ဘဝ ကို တောထဲမယ်တော့ အသေခံချင်မယ်မထင်ဘူး လျှောက်ပါ ။
နင့်မျှော်လင့်ချက်တွေက ဒီတောတောင်က ထွက်မှ ပြည့်မှာမဟုက်လား သွား သွား.....
ပြောလိုက် လမ်းပြကငေါက်လိုက်လျှောက်လာကြတာ
ပင်ပန်းတာတွေ မအိပ်ရတာတွေက ယောက်ျားလေးတွေတောင် သေချင်ချင် မိန်းကလေးတယောက်အဖို့ အတော်သနားစရာ ကောင်းလှပေတယ် ။
မရတော့ ပါ ။ ညတနာရီလောက်ကျတော့ ကောင်မလေးဟာ
ပုံကျလဲပြီ ။ ဟိုထဲမယ် ယာခင်းတဲလေးရှိတယ် တွဲခဲ့လိုက်
ငါအရှေ့က လူရိပ်သွားကြည့်နှင့်မယ် ။
ဟုက်အကို....
လာ ဟေ့ ခဏ အားတင်းလျှောက်ပါဟ နင်အိပ်ရတော့မယ်
လာ ....
ငါသေတော့မယ်တဲ့... မသေပါဘူးဟ
ဒီလောက်တောင်နင်လာပြီးပြီ မသေတော့ဘူးလာ အားတင်းထားစမ်းပါ။
မီးခြစ်ခြစ်တာမြင်လိုက်ရတယ် ဒါဆိုရပြီ ။
လမ်းးပြက တဲပေါ်ကနေပြနေတာပါ ။
လူငါးယောက်လောက်ဆန့်သည် ။ တဲ ကလူမနေတာ ကြာပြီထင် ။
ကြမ်းကနင်းတာနဲ့ ကျိုးကျနေသည်။
လူတွေလည်းချမ်းလှပြီ ။ မီးဖိုလိုက်သည် ။
မားမား ဘူးလေး သုံးဘူး ကျနော်အိပ်ထဲကထုပ်ပြီး
ခြင်း တောင်း ငါးဖမ်းခွက်လေးနဲ့ လယ်ဘေးမြောင်းမှ ရေပြေးခတ်ပြီး ဖျော်သောက်လိုက်ကြသည်။
ကောင်မလေးအိပ်ပြီ ။ လမ်းပြနဲ့ကျနော် စကားပြောနေကြသည်။ ကျနော်မအိပ်ရဲ သူ့မယ်ဓားပါသည်။
မတော် အိပ်နေတုန်း လည်လှီးသွားရင် အတွေးဖြင့် မအိပ်ရဲချေ ။
မရ ကျနော်နံရံမှီရက် အိပ်ပျော်သွားတယ် ။
သတ်ခဲ့ရင်သေပြီပေါ့ ။ အဟက်
ထ ထ သွားကြမယ် ။ ခေါင်းပုက်လိုက်တော့လန့်နိုးသွားတယ် ။
မိမိ ဝီရိယကို ရယ်မိလိုက်သေးသလို လမ်းပြကိုလည်း
အတော်ခင်မိတဲ့စိတ်ဖြစ်သွားပြီ။
ကောင်မလေးကို နိုးတော့ အမလေး....
ပူလိုက်တာ ဖျားနေပြီ သူ...... ဟဲ့
ကန်မလေး ဟေ့... ဟင်း ဟင်နဲ့
သူလည်းအလန့်တကြား ထကြည့်တယ် နားလိုက်ရလို့ထင်တယ်တယ် အားရှိနေပုံ... ဖျားနေတာပေမဲ့
ခရီးဆက်ဖို့ ထွက်ကြပြန်ပြီ ။
မတတ်နိုင်လျှောက် ဖေးမ ဆက်လာကြပြန် ။
၇ ရက်မနက်ပေါ့ ။
တရစပ် လျှောက်ပေမဲ့ ဖျားနေတဲ့ မိန်းကလေး ဘယ်လိုမှ မရပြန်တော့ဘူး ။
ပြီးပြီ ထင်ပါရဲ့ ။
ပထမ တနာရီ နှစ်နာရီ လမ်းပြကစောင့်ပါသေး ။
နောက်တော့ စိတ်မရှည်တော့ ဆဲလာပြီ ။ ဓားကိုင် ကျိမ်းလာပြီ ။
ခက်ပြီလေ ။ ဟဲ့ လုပ်ဟ လျှောက်စမ်းပါဟ ။
ပြောလို့သာရသည် ။ သူမရတော့ ကွေးနေပြီ ။
ကျနော့မယ်က သူ့အထုပ်ပါ ပေါင်းသယ်နေရသည် ။
ကိုယ့်ဒုက္ခထက် သူက သာဆိုးနေပြန်ပြီ ။
မထလာတော့တဲ့ သူ့ဘေးမယ် ကျနော် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်မိတယ် ။ လမ်းပြ မရှိတော့
သွားပြီ ။ ဒီခရီးက ဆုံးပါအုံးမည်လား ။ သူကရော သေမှာလား
ဆေးကမရှိ မြို့လည်းမဟုက်
ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းလည်းမသိ ။
ရှေ့က ဘယ်မှန်းမသိ နောက်ကဘယ်ကိုပြောတာလည်း ဆိုမရ
ဒုက္ခတော့ ကောင်းကောင်းတွေ့ပြီ ။
အကောင်ဗလောင်မြင်လည်း အစားခံရမည့်ကိန်း ။
ဟဲ့ ဟေ့ ထဟ ဟေ့ ။
မရ ကျနော် အကြီးရီးညစ်ပြီ ။ အိပ်ဟာ.... ။ မတတ်နိုင်တော့
ခန့်မှန်း ဆယ့်တစ်လောက်ပြန်ထလာသည် ။
ကဲ ရရင် သွားမယ်.. အင်း လမ်းပြရောတဲ့ မရှိတော့ဘူး
ကြာလှပြီ မနက်တည်းက...
ဘယ်လိုလုပ်ကြမလည်း... မသိဘူး ရမ်းသန်းလိုက်ရမှာပဲ
ငါနော့ တောထဲမယ် အသေမခံနိုင်ဘူး.....
သွားမယ်......... ။
ကောင်မလေးက အနည်းငယ် ဝတယ် ။
သူ့ခြေထောက်ကြီးတွေ ကြည့်ရတာက ကြောက်စရာကြီး
ကျနော့ခြေထောက်ရော ။
ကျနော့ဘောင်းဘီကဂျင်း လမ်းလျှောက်လို့ ပေါင်တွေ ပဲ့နေတာကို တွေးမိတော့
သူရောဘယ်လိုနေမလည်း တွေးမိသေးသည်။
(ရောက်တော့ ဆေးကို ငါးရက် ထိုးယူလိုက်ရကြောင်းသိရသည်)
မတတ်နိုင် ဖိနပ်ရာကြည့်လိုက်ရတယ် ။
ချောင်းတခုဖြတ်ပြီးတိုင်း လမ်းစပြန်ရှာနေရတာကြောင့် ထင်သလောက်မလွယ် ။ အစပြန်ကောက်လိုက် သွားလိုက်နဲ့
နေ့ခင်း နှစ်နာရီခန့် အဖွဲ့ကို တွေ့တယ် ။
ဒါပေမဲ့ ကျနော်တို့အဖွဲ့မဟုက်
သူတို့လည်း အံ့သြနေကြတယ် ။ နှစ်ယောက်တည်း ။
အကျိုးအကြောင်းပြောပြတော့ အဖွဲ့ကတော့ မနက်ကပဲ ဖြတ်သွားကြောင်း
လူတစ်ယောက်ကလည်းပါသွားကြောင်း
လမ်းညွှန်တယ် ။
သူတို့လည်းလူပေါင်း ခုနှစ်ဆယ်ခန့် ရှိကြတယ် ။ ကံကောင်းစွာ ပဲ ဓားပြနဲ့ မတိုးခဲ့ကြ ။
မိုးကရပ်သွားခဲ့ပြီ ။
ကျနော်တို့ခြေရာတွေကြည့်လျှောက်နေကြရင်း
သွပ်အဖြူလေးတွေ တလုံးတစ မြင်ရသည် ။
ထိုင်းနိုင်ငံ အတော်ချမ်းသာကြောင်း အမှတ်ပေးမိသည် ။
တောနက်ခြုံကြား တဲ စုမှန်သမျှ သွပ်မိုးတွေများသည် ။
ဒါတောင် ဘန်ကောက် အစွန်အဖျား မဟုက်သေး ။
မြန်မာပြည်လိုဆို နယ်စပ်ရွာ အနီးပုံစံမျိုး ။
ကျနော်တို့ ဂိတ် အဆုံးက ကန်ဖယ် ဆိုတဲ့ နေရာ...
.... ညနေ လေးနာရီ လောက်တွင် ကိုရှည်ကြီးနှင့်တွေ့သည်။
မနက်တည်းကစောင့်နေတာဟုပြောသည် ။
ခဏထိုင်ပြီး ဆက်လက်ထွက်ခဲ့ကြစဉ်း
လမ်း၌ ကျနော့အား တတွတ်တွတ် ချီးမွမ်း နေသေးသည် ။
နောက်ထပ် တနာရီခွဲလောက်လျှောက်ပြီးချိန်၌ တဖွဲ့လုံးကို တွေ့ရလေသည် ။
အားလုံး နာရီဝက်ခဏနားကြသည် ။
... မင်းတို့မလာကြတော့ဘူးထင်နေတာ ဘာညာ ဝိုင်းပြောမေးကြသေးသည် ။
တချို့ကလည်း အံ့သြနေကြသလို ။ တချို့လည်း ဖာသိဘာသာ ။
မင်းတို့ကောင်တွေ ဒီကောင့်ကိုကြည့် မြင်ဘူးအောင်
သူ့ဖုန်းတောင်းထား ကြပေါ့ကွာ တဲ့
လမ်းပြက ထပြောတာ ။ ဘာကိုဆိုလိုမှန်း ကျနော်သဘောမပေါက် ။
ကျနော်တို့ ဆက်ထွက်ကြရပြန်ပြီ ။
တစ်ညလုံး နားလိုက်လျှောက်လိုက် ယခင်လို အပြင်းမနှင်တော့ပေ ။ ရွာစဉ်အချို့ ရှိ၍ ကားအသွားအလာ လူများကို စောင့်ကြည့်ရင်း မမြင်အောင်သွား နေရတာကြောင့် ဖြစ်နိုင်သည် ။
နောက်နေ့ ရှစ်နာရီ ခန့်တွင် ကြိုးတံတားရောက်သည် ။
ကြိုးတတားဆိုတာက သစ်တော ဆင်းတွေနယ်မြေဆင်းလေ့လာတဲ့ အချိန် အတွက် အဖြစ်လုပ်ထားခြင်းဖြစ်သည် ။
ရေပြင်ကကျယ်သည် အနက်က ခါးသာသာ ရှိမည် ။
ရေစီးကကြမ်းသည် ပြုက်ကျလျှင်မလွယ်ပေ ။
ကြိုးတံတား
ခြေနင်းရန် ကြပ်လုံးခန့် စတီးကြိုးတချောင်းသာဖြစ်သည်။
လူတရပ်စာအပေါ်ဖက်၌ ဘယ်ညာ လက်သန်းခန့် ကြိုးနှစ်ချောင်းကိုဟန်ချက်ညီ ကိုင်ရင်း သွားရတာဖြစ်သည် ။
ချောင်းအကျယ်က ကိုက် တစ်ရာ့ငါးဆယ်ခန့်ရှိသည်။
အတော်ခက်ခက်ခဲခဲ ကူးဖြက်လာကြရပြီးချိန်၌ ဆယ့်နှစ်နာရီခန့် ။
ဆက်လျှောက်ကြပြန်ပြီ ။
ရှစ်ရက်နေ့ ညနေ တနေကုန်မရပ်မနားလျှောက်ပြီးပြီ ။
ဖုန်းဆက်တော့မည်တဲ့ ။
တော့အတွင်းတောင်အဆင်း ဆိုင်ရာမရှိ ယင်းတနေရာသာ ဆိုင်ရာမီသည်ဟု ပြောသည် ။
ဖုန်းဆက်ပြီး ကားတွေ လာဖို့ ဌင်းတို့ ပွဲစားတွေခေါ်သည် ။
တနာရီခန့်နားသည် ။ မှောင်စပျိုးတော့တခါ ဆက်လျှောက်ကြရပြန်သည် ။
ရောက်တော့မည် ရောက်တော့မည် ကားစီးရတော့မယ်သာ ပြောသည် ။ တညလုံးနီးပါး ဆက်လျှောက်နေကြရသေးသည် ။
မှောင်နှင့်မည်းမည်း လမ်းတွေက ပို ပြီးကြမ်းတမ်းလာသလိုခံစားရသည်။
တချက်ချက် ကားသံတွေ ကြားရသည် ။ လမ်းပြပြောပြသည်မှာ လာကြိုသောကားများဖြစ်ကြောင်း
လမ်းကကွေ့ကောက်ဖောက်ထားတာကြောင့်
နီးလိုက်ဝေးလိုက်ထင်ရကြောင်း
ပြောပြသည် ။
ည တည ကို အမြန်ကုန်စေချင်နေမိသည် ကားစီးရတော့မည် အတွေးက လူကို အိနြေ္ဒမရဖြစ်နေရသည် ။
ခြေထောက်တွေ အက်ကွဲပြီး ကိုက်ခဲနေကြပြီ နားချင်လှကြပြှီ။
မနက်လေးနာရီခန့် အားလုံးသေချာစုထိုင်ကြရန် ပြောသည် ။
အမှောင်ခြုံပုက်တွေအတွင်းဖြစ်သည် ။
ထိုနေရာ၌ ကျနော်တို့တဖွဲ့တည်းမဟုက်ပါ။
အတော်များသည် မည်မျှမူမသိပေ ။
မနက်လင်းစအချိန် ကျနော်တို့အဖွဲ့ လူခွဲတင်သည် ။
Hino အနက်ရောင် ပစ်ကက်လေးဖြစ်သည် ။
ရှေ့ခေါင်းနောက်ခန်းအတွင်း ငါးယောက်ထည့်သည်။
ကောင်မလေး ပါသွားပြီ ။
ကျနော်က တခြားတကားပေါ်တက်ရန်ပြင်တော့
လမ်းပြ ကိုရှည်ကြီးက ဆွဲချသည် ။
ကောင်မလေး နှစ်ယောက်တက်သောကားနောက်တွင်တက်စေသည် ။
ကျနော်ရှေ့ဆုံးနည်းနည်းတိုးယူပြီး ခြေဆန့်ထိုင်နေသည် ။
အဟိရား အော်ပြီး ထိုင်းတယောက် နားရင်းအုပ်သည် ။
လှဲနေဖို့ပြော၍ ကန့်လန့်ဖြတ် လှဲချပေးလိုက်ရသည် ။
ကားနောက်ခန်းဟာ သိပ်မကျယ်ပါ လူခြောက်ယောက် အတော့်သင့်နေရလောက်အောင်သာ ကျယ်ဝန်းသည် ။
သို့သော် ဆယ်နှစ်ယောက်ကို အကြပ်တင်ထားသည် ။
ပြီးတော့ နိုင်လွန်ကြိုးဖြင့် အနုစိပ်ကျစ်ထားသော ပိုက်ကွန်ကို
တပေခန့် ကားအမြင့်၌ အတွင်းကနေ ကြိုးဖြင့် ကွပ် တုပ်ထားလိုက်တော့သည် ။
လှုပ်မရချေ အသက်ရှူကြပ်၍ ငါတော့သေပြီထင်တယ်အထိတွေးလိုက်မိသေးသည် ။
နောက်မနေသာတော့၍ နိုင်လွက်ပိုက်ကို လက်ဖြင့်ဖြဲပီး
ခေါင်းထုက်လိုက် အသက်ရှူလိုက်နဲ့ လိုက်ပါလာခဲ့ရသည် ။
ဌင်း အနေအထားအတိုင်း
မနက် ရှစ်နာရီမှ နေ့လည် တနာရီလောက်အထိ ကားစီးရသည် ။
ယင်းနောက် ကားရပ်သောနေရာမှာ ရာဘာခြံ အကျယ်ကြီးဖြစ်သည် ။ ကျနော်တို့အတိုင်း လာကြိုထားတဲ့ကားတွေ လူတွေ အစုလိုက်တွေ့ရသည် ။
ကယ်ရီ ပွဲစားအားလုံး ထိုင်းတွေသာ ဖြစ်သည် ။
ကျနော်တို့နဲ့ လာခဲ့ သည့်ပွဲစားများက ကားပေါ်တင်ပေးလိုက်ပတည်းက ပြန်ကုန်ပြီ ။
ယခု ရာဘာခြံ ရောက်နေချိန်၌ သူတို့ မြန်မာပြည်ပြန်ပြီ ။
ပွဲကြီးပွဲကောင်း နွဲနေပေတော့မည် ။
မိမိတို့ကားအနားကဘယ်မှမသွားရ အပေါ့အလေးခဏစွန့်လိုရသည် ။
နာမည်လူ စာရင်းစစ်သည် ။
ကျနော်တို့ မိန်းခလေး နှစ်ယောက်အပါအဝင်
၇ ယောက်သာရှိကြတော့သည် ။ကျန် တဖွဲ့လုံး တစ်ယောက်မှ မတွေ့ရတော့ပေ ။ တခြားအဖွဲ့က လူတွေ မိန်းကလေး တွေ လင်မယားတွေများသည် ။
( နောက်မှ သိရသိမှာ ကုန်းပေါ်ရောင်းသူတို့သာ စုရာနေရာဟုသိရသည် ။ ကျနော်နှင့် လမ်းတလျှောက်ကောင်မလေးအား လင်မယားဖြစ်ကြောင်း
လမ်းပြက ကားသမားအား စရင်းပေးခဲ့ခြင်းဖြစ်သည် ။
သူ လမ်းပြကကျနော်ကိုကယ်ခဲ့ခြင်းဖြစ်သည် ။ ကျန်သူအားလုံးကို လှေသို့သာ ရောင်းချခဲ့ခြင်းဖြစ်ပါသည်။)
ထို့နောက် သုံးနာရီခန့် မောင်းပြီး မဟာချိုင် ဇူဖန်ရုံအမည်ရတဲ့
ပုဇွန်ရုံ၌ တစ်ဦးလျှင် ရှစ်ထောင်ခန့်ဖြင့် ရောင်းစားခဲ့လေသည် ။
မိမိပြန်ပေးဆပ်ရမည့်အကြွေးမှာ တသောင်းသုံးထောင်ပြန်လည်ပေးဆပ်ရမည်ဖြစ်သည် ။
ထိုင်းရောက်သောအခက်အခဲ နောက်အလျင်းသင်လျှင်ရေးပါအုံးမည် ။
Myartko Orange
No comments:
Post a Comment